မြန်မာ့ရုပ်သေးသဘင်တိုးတက်ဖို့ သီးသန့်အဖွဲ့အစည်းဖွဲ့ဖို့ လိုနေပြီလား
Created by HOMM on Mon, 08/15/2011 - 07:53

ချယ်ရီသိန်း
အတွဲ ၂၆ ၊ အမှတ် ၅၀၉ (၁၁ - ၁၇ ၊ ၃ ၊ ၂၀၁၁)
ဖျော်ဖြေပွဲတစ်ပွဲတွင် ထွေဦးမြန်မာရုပ်သေးအဖွဲ့မှ ရုပ်သေး ပညာရှင်နှစ်ဦး ဦးရွှေရိုးနဲ့ ဒေါ်မိုးကကွက်ဖြင့် ဖျော်ဖြေနေစဉ်။ ဓာတ်ပုံ - ကောင်းထက်
မြန်မာ့ရိုးရာ၊ရုပ်သေးသဘင်သက်တမ်း ရှည်ကြာနိုင်ရန်နဲ့ တိုးတက်ပြန့် ပွားရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက် နိုင်ရန်အတွက် ရုပ်သေး သီးသန့်အဖွဲ့ အစည်းတစ်ခု ထူထောင်ရန် ရုပ်သေး ပညာရှင်များက ဆန္ဒရှိနေကြပါတယ်။
ရုပ်သေးဟာ လက်ရှိကာလမှာ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး လက်အောက်မှာရှိနေပြီး၊ တစ်နိုင်ငံလုံးမှ ရုပ်သေးပညာရှင်များ စုစည်းလို့၊သီးသန့်အဖွဲ့ ဖွဲ့စည်းသွားနိုင်ရန်အစည်းအရုံးမှစီစဉ်လျက်ရှိ တယ်လို့ အစည်းအရုံးဥက္ကဋ္ဌ ဦးရဲဒွေးက ပြောပါတယ်။
"တစ်နိုင်ငံလုံးမှာရှိတဲ့ ပညာရှင်တွေ ကို စုစည်းဖို့ဆိုရင် အချိန်တော့ ပေး ရမယ်။ ဖြစ်နိုင်ရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ရင် ပိုကောင်းတာ ပေါ့။ ပညာရှင်တွေ အားလုံးစုစည်းပြီး အမျိုးသားရုပ်သေးအဖွဲ့ ဖွဲ့နိုင်ရင် ကမ္ဘာ့ ရုပ်သေးအဖွဲ့ခွဲအဖြစ်လည်း မြန်မာနိုင်ငံကိုယ်စားပြုပါဝင်နိုင်မယ်။ အသင်းအဖွဲ့ တစ်ခုအဖြစ် ဆောင်ရွက်ရင် ပိုပြီးထိ ရောက်တယ်"လို့ ရုပ်သေးပညာရှင်ကြီး တစ်ဦးဖြစ်တဲ့ ဦးရဲဒွေးက ဆိုပါတယ်။
မြန်မာ့ရုပ်သေးဟာသမိုင်းယဉ်ကျေးမှုအစဉ်အလာကြီးခဲ့ပေမယ့် ပြောင်း လဲ လာတဲ့ မော်ဒန်ခေတ်မှာတော့ မြန်မာ့ ရုပ်သေးရဲ့အခန်းကဏ္ဍက တဖြည်းဖြည်းမှေးမှိန်လာနေပါတယ်။
"ခု ရုပ်သေးက နေ၀င်ပြီး ဇာတ်က မွန်းတည့်နေတယ်။ နိုင်ငံခြားသား ကြည့် အဆင့်မှာပဲ ကျေနပ်နေလို့ မဖြစ်ဘူး။ မြန်မာကြိုက်အဆင့်၊ မြန်မာတွေ ရုပ်သေး ကြည့်တဲ့အဆင့်ကို ပြန်ရောက်အောင် ကြိုးစား ကြရမယ်။အခုအချိန်အထိတော့ ဘယ်သူမှ ဒီလိုအဆင့်ရောက်အောင် မလုပ်နိုင်သေးဘူး"လို့ လတ် တလောကြုံတွေ့နေရတဲ့ ရုပ်သေး သဘင်ရဲ့အခြေအနေကို သုံးသပ်ပြပါ တယ်။
ထွေးဦးမြန်မာရိုးရာရုပ်သေးအဖွဲ့မှမန်နေဂျာ ဦးခင်မောင်ထွေးကလည်း မြန်မာ့ရုပ်သေးရဲ့ လက်ရှိအနေအထား ဟာ မပျောက်ပျက် အောင် ထိန်းသိမ်းနေ ရတဲ့အဆင့်မှာပဲ ရှိတယ်လို့ဆိုပါတယ်။
"ရုပ်သေးကို ရှိသေးလားလို့မေးရင် ရှိသေးပေမယ့် ဘယ်နေရာမှာ ရှာရမှန်း အများအားဖြင့် မသိကြဘူး။ မြန်မာ တွေအမြင်မှာလည်း ရုပ်သေးဟာ နိုင်ငံခြားသားကို ဖျော်ဖြေတဲ့ဟာလို့ပဲ ထင် နေမယ်။ သူတို့ ထင်ရလောက်အောင် လည်း ရုပ်သေးက ကျယ်ကျယ်ပြန့်ပြန့် မရှိတော့ဘူး"လို့ ဆိုပါတယ်။
ဒါကြောင့် ရုပ်သေးသီးသန့်အဖွဲ့ ဖွဲ့စည်းနိုင်ဖို့ အားပေးထောက်ခံပြီး ပညာ ရှင်တွေ အရပ်ဒေသအလိုက် သူ့အရပ် သူ့ဇာတ်ကိုက် အောင် တီထွင်ကြတာမို့ မတူညီတဲ့၊ရုပ်သေးဖျော်ဖြေမှုပုံစံများစွာ ရှိတဲ့အပေါ်ကိုလည်း ရန်ကုန်၊ မန္တလေး၊ ဖျာပုံ၊ သထုံ အစရှိသဖြင့် ကိုယ့်ဒေသ ကိုယ် အစွဲကြီးနေကြမယ့်အစား အားလုံးအတူတကွ စုပေါင်းအလုပ်လုပ်သင့် တယ်လို့ တိုက်တွန်းပါတယ်။
"ချင်းမိုင်မှာ၊ရုပ်သေးပညာပို့ချပေးဖို့ သွားခဲ့တုန်းက၊အတော်တုန်လှုပ်စရာ ကောင်းတာ တွေ့ခဲ့ရတယ်။ အဲဒီက နေရာတော်တော်များ များမှာ ရုပ်သေး ရုပ်တွေရှိတယ်။ မြန်မာရုပ်သေးပုံစံမျိုးပဲ။ ကတဲ့အရွယ် မဟုတ်ဘူး။ ရိုးရိုးအလှဆွဲ ပဲ။ ကျွန်တော် စိုးရိမ်တာက နောင် နှစ် ၅၀၊ ၁၀၀ အတွင်းမှာ ရုပ်သေးက မြန်မာ နိုင်ငံမှာမရှိတော့ဘဲ ထိုင်းမှာ ရှိနေရင် တခြားရုပ်သေးကို မမြင်ဘူးတဲ့သူတွေ ကလည်း 'ဪ ရုပ်သေးက ထိုင်းက ပါလား'ဆို သွားပြီ။ မြန်မာရုပ်သေးဆို တာ မရှိတော့ဘူး။ အပြင်မှာလည်း မရှိ၊ စာထဲမှာလည်း ရှာလို့ မ လွယ်ဖြစ်ကုန် မယ်"လို့ မြန်မာ့ရုပ်သေးအနုပညာရပ်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ပြောပါတယ်။
ကြိုးဆွဲပညာ၊ ဆို၊ ငို၊ ပြောပညာနဲ့ အတီးပညာရှင်တွေဟာ မြန်မာ့ရုပ်သေး ရဲ့မပါမဖြစ်သမားစဉ်ဖြစ်ပြီး တခြားနိုင်ငံ တွေအနေနဲ့ ရုပ်သေးရုပ်အပြင်ပိုင်း အပြင်အဆင်နဲ့ ကြိုးဆွဲပညာကို တုပနိုင် ပေမယ့် ဆို၊ ငို၊ ပြောနဲ့ အတီးပညာကို တော့ မတုပနိုင်တာမို့ ဒါဟာလည်း မြန်မာ့ရုပ်သေးရဲ့ ဂုဏ်ယူစရာကောင်း တဲ့အနုပညာအနှစ်သာရပဲ၊ဖြစ်ပါတယ်။
ကိုယ်တိုင်ရုပ်သေးအနုပညာကို ချစ် မြတ်နိုးသလို ဒီပညာရပ်ပြန်လည်ဖော် ထုတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်း ၄ဝ ကျော် ကြိုးပမ်းဆောင် ရွက်ခဲ့သူတစ်ဦးဖြစ်တဲ့ ဆရာချစ်စံဝင်း ကလည်း မြန်မာ့ရုပ်သေးဟာ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သာမက အမျိုးသားရေးပြယုဂ်တစ်ခု ဖြစ်တာ ကြောင့် ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းစောင့်ရှောက်သင့်တယ်လို့ ဆိုပါတယ်။
"မြန်မာ့ရုပ်သေးသမားစဉ်ကို ထိန်းဖို့၊ ဘုရားပွဲတွေ မှာ ဆက်လက်ကပြနေဖို့၊ ပညာရှင်တွေကို စုစည်းနိုင်ဖို့၊ ပညာရပ် ပိုင်းတွေကို ခေတ်နဲ့အညီ ရှိနေဖို့နဲ့ သတင်းအချက် အလက်နဲ့၊ပြန်ကြားပေး နိုင်ဖို့၊သီးသန့်အဖွဲ့အစည်း လိုအပ်တယ်။ ဒါမှလည်း ရုပ်သေးဆိုတာ ဆက်ရပ်တည်နိုင်မှာ"လို့ ဆရာကပြောပါတယ်။
"အရင်တုန်းကဆို ရုပ်သေးက နယ် လှည့်စာကြည့်တိုက်လိုမျိုး ယဉ်ကျေးမှု၊ စာပေအနုပညာ၊ ပြန်ကြားရေးနဲ့ လက်မှု အနုပညာစတဲ့ တာဝန်တွေကို ပြည်သူတွေကြားထဲ ရုပ်သေးစင်ပေါ်ကနေ တစ်ဆင့် ပြန်ဖြန့်ဝေပေးတယ်။ ကိုလိုနီခေတ်မှာလည်း အမျိုးသားရေး လှုံ့ဆော်မှု တွေ၊ စည်ရုံးရေးတွေကို ရုပ်သေးစင်တွေပေါ်က ရုပ်သေးသီချင်းတွေဟာ အမျိုးသားရေးကို အများကြီးပံ့ပိုးပေးခဲ့တယ်။ ဒါကြောင့် အင်္ဂလိပ်အစိုးရကအမျိုးသားရေးဖြစ်တဲ့ မြန်မာ့ရုပ်သေးကို မကန့်ကွက်ခဲ့သလိုအားလည်းမပေးခဲ့ဘူး"လို့လည်း ဆိုပါတယ်။
မြန်မာ့ရုပ်သေးရာဇ၀င်ကို ပြန်ကြည့် မယ်ဆိုရင် ပုဂံခေတ်ကစတယ်လို့ စာ အုပ်တွေမှာ ရေးသားထားတာတွေ့ရပါတယ်။ သီပေါမင်း ပါတော်မူပြီးနောက်ပိုင်းမှာတော့ နန်းတွင်းရုပ်သေးအဖွဲ့ဟာ မြန်မာနိုင်ငံအနှံ့ အဖွဲ့တွေကွဲသွားခဲ့ပြီး မန္တလေးကနေ ဧရာဝတီမြစ် ကြောင်းအတိုင်း စုန်ဆင်းခဲ့ကြတဲ့ ရုပ်သေးပညာရှင်တွေ ကြောင့် မြစ်ကြောင်းတစ်လျှောက်မြို့တွေမှာ ရုပ်သေးကိုတွေ့နိုင်သလို မြန်မာပြည်အထက်ပိုင်းကို ခရီးဆက်ခဲ့တဲ့ ပညာရှင်တွေကြောင့်လည်း မုံရွာ၊ စစ်ကိုင်းစတဲ့မြို့တွေမှာ ရုပ်သေးကို တွေ့နိုင်တာဖြစ် ပါတယ်။
ခေတ်တွေပြောင်းလို့ ဇာတ်တွေပေါ်လာတဲ့ခေတ်မှာတော့ယမနေသားနဲ့လုပ်တဲ့ကြိုးဆွဲရုပ်လေးတွေဟာ သက်ရှိလူမင်းသား၊ မင်းသမီး လောက် ပရိသတ်ကို မဆွဲဆောင်နိုင်တော့သလို ရုပ်မြင်သံကြားတွေပေါ်လာတော့ ရုပ်သေးဟာ သူယူထားတဲ့တာဝန်တွေကို ခွဲဝေပေး ရင်း ၁၉၇၀ ၀န်းကျင်လောက်မှာ လုံးဝပျောက်ကွယ်မယ့် အနေအထား ဖြစ်ခဲ့ရတယ်။
"အဲဒီအချိန်က နိုင်ငံအသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ နိုင်ငံတော် ၀န်ကြီးဌာနက ဖွဲ့ပေးတဲ့ပုံစံ၊ ပြည်ထဲရေး ကတစ်ဆင့်နဲ့ ကုမ္ပဏီများဥပဒေ ၂၆-၁ အရ ဖွဲ့ပေးတဲ့ပုံစံရှိခဲ့ပေမယ့် ၀န်ကြီး ဌာနကနေတစ်ဆင့်ပဲ ကြိုးစားကြည့်ခဲ့ ဖူးတယ်"လို့ ရှေ့မီနောက် မီဖြစ်တဲ့ ဆရာ ချစ်စံဝင်းက ပြောပြပါတယ်။
"ဒါကြောင့် အခုချိန်မှာ ပညာရှင်ရော၊ တခြားရုပ်သေးနဲ့ ဆက်စပ်နေသူတွေ ရော အားလုံး စည်းစည်းလုံးလုံးနဲ့ အတူတကွအလုပ်လုပ် နိုင်ရင် အဖွဲ့အစည်း တစ်ခုက ပိုပြီးထိရောက်အောင်မြင် မယ်"လို့လည်း ဆိုပါတယ်။


