MRTV4: Home Theatre ပုံစံဖြင့် ထွေးဦး မြန်မာရုပ်သေး အဖွဲ့မှ ရုပ်သေးပြပွဲများ ကပြ ဖျော်ဖြေလာ
MRTV4 - Monday 23rd April 2012
ထွေးဦး မြန်မာ ရုပ်သေး အဖွဲ့ဟာ အရင်က ခန်းမများကို ငှားရမ်းပြီး ရုပ်သေး ကပွဲများ ကပြ ဖျော်ဖြေလာရာ အခု လက်ရှိမှာ Home Theatre ပုံစံဖြင့် အဆိုပါ ရုပ်သေးအဖွဲ့ရဲ့ နေအိမ်မှာပဲ ကပြဖျော်ဖြေ ပေးလျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို Home Theatre ပုံစံနဲ့ ကပြဖျော်ဖြေ တာဟာ သဘာဝ ဆန်ပြီး အိမ်မှာ ရုပ်သေး ကပွဲကို မိသားစုနဲ့ ကြည့်ရှုတဲ့ ပုံစံမျိုးဖြစ်တဲ့ အတွက် နိုင်ငံခြားသား များက ပိုမိုသဘောကျ ကြိုက်နှစ်သက် ကြတယ်လို့ ထွေးဦး မြန်မာ ရုပ်သေး အဖွဲ့မှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။
အဆိုပါ Home Theatre ပုံစံနဲ့ ရုပ်သေးကပြ ဖျော်ဖြေရာမှာ ရုပ်သေး မိတ်ဆက် ပဒေသာ အကများဖြစ်တဲ့ အပျိုတော် အက၊ နတ်ကတော် အက၊ နှစ်ပါးသွား အက၊ မျောက်အက၊ နဂါးအက၊ ဂဠုန်အက၊ သူငယ်တော် အက အစရှိတဲ့ ရုပ်သေး အကများနဲ့ ၄၅ မိနစ်စာ ဖျော်ဖြေကပြ တယ်လို့ သိရပါတယ်။ အဲ့ဒီ Home Theatre ပုံစံနဲ့ ရုပ်သေး ပြပွဲကို ၁ ယောက်လျှင် ကျပ် တစ်သောင်း နှုန်းသတ်မှတ် ထားပြီး မည်သူမဆို လာရောက် ကြည့်ရှု နိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိမှာ နိုင်ငံခြား သားများကပဲ စိတ်ဝင်စား လာရောက် ကြည့်ရှုကြပြီး ပြည်တွင်းက လာရောက် ကြည့်ရှုသူ မရှိဘူးလို့ သိရပါတယ်။ အဆိုပါ Home Theatre ရုပ်သေးပြပွဲကို ထွေးဦးမြန်မာ ရုပ်သေး အဖွဲ့ရဲ့ နေအိမ် ဖြစ်တဲ့ ရန်ကုန်မြို့ အလုံ မြို့နယ်ရှိ ရာမလမ်းရှိ အိမ်အမှတ် ၁၂ ပထမထပ်မှာ ကပြဖျော်ဖြေ ပေးလျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။
Source: http://www.mrtv4.net.mm/news/local/entertainment/detail/item%3A3669


