ဒူဘိုင်းရုပ်သေးပွဲတော် (Dubai Puppet Festival)
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် နှစ်စဉ်ဇွန်-ဇူလိုင်လများ၌ ကျင်းပမြဲဖြစ်သည့် နွေရာသီဈေးပွဲတော် (Dubai Summer Surprises) ကို ယခုနှစ်တွင် (၁၆)ကြိမ်မြောက် ကျင်းပရာ၌ နိုင်ငံတကာရုပ်သေးပွဲတော် (Dubai Puppet Festival) အနေဖြင့် ပထမဦးဆုံးအကြိမ် ထည့်သွင်းမည်ဖြစ်ရာ မြန်မာနိုင်ငံမှ ထွေးဦးမြန်မာ ရိုးရာယဉ်ကျေးမှုရုပ်သေးအဖွဲ့ကို ဖိတ်ကြားလာပါတယ်…
အဆိုပါ Dubai Summer Surprises 2012 ၏ Dubai Puppet Festival ရုပ်သေးပွဲတော်တွင် ထွေးဦးမြန်မာမှ ရုပ်သေးကပြဖြေဖျော်မှုများသာမက ရုပ်သေးပြုလုပ်ပုံ၊ တပ်ဆင်ပုံများကို သရုပ်ပြတင်ဆက်မည်ဖြစ်ပြီး ရုပ်သေးကြိုးဆွဲနည်းများပါ သင်ကြားပြသပေးမည် ဖြစ်ပါတယ်…
See more info in http://www.dubaievents.ae/en/dss/event/world-of-puppets
ရုပ်သေးပွဲတော်ကို ဒူဘိုင်းမြို့၏ နာမည်ကျော် Shopping Mall တစ်ခုဖြစ်သော Mirdif City Centre တွင် ဇူလိုင်လ(၆)ရက်မှ (၁၄)ရက်နေ့အထိ (၉)ရက်တိုင်တိုင် ကျင်းပမှာဖြစ်ပါတယ်… နေ့စဉ် နေ့လယ်(၂)နာရီမှ ည(၁၀)နာရီအထိ နိုင်ငံတကာရုပ်သေးအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ သရုပ်ပြတင်ဆက်ခြင်း၊ သင်ကြားပြသခြင်းများကို အလှည့်ကျ တင်ဆက်ကြမှာ ဖြစ်ပါတယ်…
ထွေးဦးမြန်မာ ရိုးရာယဉ်ကျေးမှုရုပ်သေးအဖွဲ့မှ တစ်ကြိမ်လျှင် မိနစ်(၃၀) ဖြင့် တစ်နေ့ နှစ်ကြိမ် ကပြတင်ဆက်မည် ဖြစ်ပါတယ်… အစီအစဉ်များအနေဖြင့် ရိုးရာသမားစဉ်အကများနှင့် ကြည်နူးပျော်ရွှင်စရာအကများပေါင်းစပ် တင်ဆက်သွားရန် စီစဉ်ထားပါတယ်... ပွဲဦးထွက်နတ်ကတော်အက/အပျိုတော်ယိမ်းနှင့် ဦးမင်းကျော်အက၊ ဟိမဝန္တာခန်း၏ တိရစ္ဆာန်အကများ ဖြစ်သော မြင်း-ငှက်ကြီးဝံပို-ငါး-ဂဠုံ-နဂါး-မျောက်-ဘီလူးအကများ၊ ဇော်ဂျီအက၊ ပန်းကုန်းခုန်အက နှင့် ဦးရွှေရိုး-ဒေါ်မိုးအကကို ဒိုးပတ်ဝိုင်းအရုပ်များနဲ့ တွဲဖက်တင်ဆက်မှာ ဖြစ်ပါတယ်…
ဒူဘိုင်းရုပ်သေးပွဲတော်သို့ ထွေးဦးမြန်မာ ရိုးရာယဉ်ကျေးမှုရုပ်သေးအဖွဲ့ဝင်များဖြစ်ကြသော ဦးခင်မောင်ထွေး၊ ဦးမောင်ကြည်၊ ဒေါ်တင်တင်ဦး၊ ဒေါ်တင်နန်းမြင့်(ခ)နန်းတင် နှင့် ဒေါ်ချိုချိုစန်း စုစုပေါင်း(၅)ဦး သွားရောက် ဆင်နွှဲကြမည်ဖြစ်ရာ ရန်ကုန်မြို့မှ ဇူလိုင်(၄)ရက်နေ့တွင် ထွက်ခွာပြီး (၁၆)ရက်နေ့တွင် ပြန်လည်ရောက်ရှိကြမည် ဖြစ်ပါတယ်…
၂၀၀၈ခုနှစ်ကလည်း ထွေးဦးမြန်မာ ရိုးရာယဉ်ကျေးမှုရုပ်သေးအဖွဲ့သည် ဒူဘိုင်းဈေးပွဲတော် DSS 2008 (Dubai Summer Surprises 2008)မှဖိတ်ကြားသဖြင့် ၂၀၀၈ခုနှစ် ဇူလိုင်လ(၈)ရက်နေ့မှ သြဂုတ်လ(၁၀)ရက်နေ့အထိ တစ်လကြာ ပါဝင်ဆင်နွှဲခဲ့ပါတယ်... ထိုစဉ်က ရုပ်သေးပွဲတော်အနေဖြင့်မဟုတ်ပဲ အနုပညာအဖွဲ့ပေါင်းစုံ၏ တင်ဆက်မှုတွင် ပါဝင်ဆင်နွှဲခြင်း ဖြစ်ပါတယ်...
ကိုယ်ပိုင်ရုပ်သေးမရှိသော ယူအေအီးလိုနိုင်ငံမျိုးမှ အခြားနိုင်ငံများမှရုပ်သေးအဖွဲ့များကို ဖိတ်ခေါ်၍ မိမိနိုင်ငံသားအာရပ်လူမျိုးများနှင့် နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်သော နွေရာသီဈေးပွဲတော်နှင့် ရုပ်သေးပွဲတော်များကိုကျင်းပသလို မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များလည်း စိတ်ကူးမိကြစေရန် ဆုတောင်းလိုက်ပါတယ်ခင်ဗျာ...


